ဒုတိယအကြိမ် ကထိန်ခင်းလှူဒါန်းခြင်း

‘ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်’ ဆိုတဲ့အတိုင်း ကျောင်းလှူတာခြင်း အတူတူ သိမ်ကျောင်းလှူတာ ပိုမြတ်ကြောင်း၊ သင်္ကန်းလှူတာခြင်း အတူတူ ကထိန်သင်္ကန်းအလှူက ပိုမြတ်ကြောင်း ဆိုရိုးစကားတစ်ခုဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ရှေးအစဉ်အဆက် သတ်မှတ်ခဲ့ကြပါတယ်။

မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ အလှူပြုကြတဲ့အထဲမှာလည်း ကထိန်အလှူတော်မင်္ဂလာဆိုတာ ထူးမြတ်စင်ကြယ်လှတဲ့ မြတ်ဒါနတစ်ခုပဲ ဖြစ်ပါတယ်။

ကထိန ဆိုတဲ့ ပါဠိစကားလုံးမှ ဆင်းသက်လာတဲ့ ကထိန်ဆိုတဲ့ စကားလုံးဟာ အလွယ်သုံး ပါဠိပျက်စကားလုံးတစ်ခု ဖြစ်ပါတယ်။ ၀ါတွင်းသုံးလ ၀ါဆိုတော်မူကြတဲ့ ရဟန်းသံဃာတော်မြတ်တွေကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေအထိ တစ်လတာကာအတွင်းမှာသာ ကထိန်အလှူ လှူခွင့်ရှိတဲ့အပြင် ကထိန်သင်္ကန်းကို တစ်ကျောင်း တစ်ကြိမ်သာ လှူခွင့်ရှိပါတယ်။

ဒါ့အပြင် ကထိန်ခင်းဖို့အတွက် သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်(နှစ်ထပ်)သင်္ကန်းတို့မှာ တစ်မျိုးမျိုးဖြစ်ရပြီး အဲ့ဒီ သင်္ကန်းကို ကထိန်းသင်္ကန်းလို့ ခေါ်တွင်ရခြင်း ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲပြီး မလှူဒါန်းရတဲ့အတွက် မြင့်မြတ်သော အလှူ၊ သန့်စင်သော အလှူတစ်ခုဆိုတာ ထင်ရှားလှပါတယ်။

ဒီအတွက်ကြောင့် ဒီလို ထူးမြတ်လှတဲ့ ကထိန်ရေစက်ချအလှူတော်မင်္ဂလာမြတ်ကြီးကို ယခုဘ၀မှတိုင် နိဗ္ဗာန်ရောက်ကြောင်း ရည်မှန်းလို့ Strong Source Holding Co.,Ltd ၀န်ထမ်းမိသားစုတို့က တွံတေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာ၊ ရန်ကြီးအောင် ကျောင်းတိုက်တွင် ရန်ကြီးအောင် ကျောင်းတိုက်ဆရာတော် ဦးပညာဝံသအား ဦးထိပ်ထား၍လည်းကောင်း၊ ဦးအောင်ကျော်မျိုး + ဒေါ်သိင်္ဂီမျိုးတို့အား အမှူးထား၍ လည်းကောင်း အလှူဒါယိကာ ဦးစိုးနိုင် + အလှူ ဒါယိကာမ ဒေါ်အေးမီမီဇင်တို့နဲ့အတူ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ၀မ်းမြောက်ကြည်နူးဖွယ် လှူဒါန်းခဲ့ကြပါသည်။